မြိုင်ကြီးငူ-မဲသဝေါကားလမ်းတွင် BGF စစ်ကြောင်းကားအား ဆွဲမိုင်း ဖောက်ခွဲခံရပြီး စစ်ရှောင်ပြည်သူများ မြိုင်ကြီးငူဒေသတွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်
မြိုင်ကြီးငူ အထူးဒေသ၌ ဆက်လက်ခိုလှုံနေသော စစ်ရှောင်ပြည်သူများကို တွေ့ရစဉ်
ကရင်ပြည်နယ် မြိုင်ကြီးငူ မဲသဝေါ ကားလမ်းတစ်လျှောက်နှင့် DKBA ခွဲထွက်အဖွဲ့တို့ တပ်စခန်းတောင်ကုန်းများအား တပ်မတော်၊ BGF တို့မှ စက်တင်ဘာ ၁၉ ရက်မှ စတင်စိုးမိုးထားနိုင်သော်လည်း အဆိုပါလမ်းတွင် စက်တင်ဘာ ၂၃ ရက် နံနက်က BGF စစ်ကြောင်းကားအား ဆွဲမိုင်းဖောက်ခွဲခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ အဆိုပါလမ်းတွင် အချိန်မရွေး ပစ်ခတ်မှု ဖြစ်လာနိုင်ခြင်းကြောင့် စစ်ရှောင်ပြည်သူများမှာ မြိုင်ကြီးငူ အထူးဒေသ၌ ဆက်လက် ခိုလှုံနေရဆဲဖြစ်သည်ဟု သိရသည်။
စက်တင်ဘာ ၂၃ ရက် နံနက် ၄ နာရီခန့် က ကျုံထော်ရေတံခွန်အထက်ဘက် ၀ိသောဘူ ကျေးရွာအနီးအထိ ကလော့ထတွင် BGF စစ်ယာဉ်တန်းအား ကားမိုင်းဆွဲခံရကာ မော်တော်ယာဉ် အနည်းငယ် ပျက်စီးခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။
“မနေ့က ထိကလော့ထမှာ မိုင်းဆွဲခံရတယ်။ ကားအနည်းငယ် ထိခိုက်တာကလွဲလို့ ဘာမှတော့ အပျက်အစီး အထိအခိုက် မရှိပါဘူး” ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။
ကရင်ပြည်နယ် ဘားအံမြို့မှ ဒေသခံတစ်ဦးကလည်း “ကျုံထော်ရေတံခွန် အထက်ဘက် ထိကလော့ထ ရွာနားဖြစ်တာပါ။ နယ်မြေက မအေးချမ်းသေးပါဘူး။ ဒီနေ့လည်း အနည်းငယ် ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေ နေရပ်ပြန်ဖို့ကတော့ အချိန်ယူရဦးမှာပါ” ဟု ဆိုသည်။
မြိုင်ကြီးငူ အထူးဒေသ ကယ်ဆယ်ရေးစခန်းတွင် တာဝန်ယူပြီး စီစဉ်ဆောင်ရွက်ပေးနေသည့် လှိုင်းဘွဲမြို့နယ် ဒုဦးစီးမှူး ဦးနေလင်းထက်က “ မြိုင်ကြီးငူနဲ့နီးတဲ့ ရွာတွေကတော့ နေရပ်ပြန်ကြပါတယ်။ တောတောင်ကြား ကျေးရွာတွေက လူတွေကျတော့ စခန်းကို ရောက်လာကြပါတယ်။ ခြုံပြီးပြောရရင် ယခင်ကထက် စစ်ရှောင်ပြည်သူ ပိုမိုများပြားလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စခန်းမှာက ရက်ရှည်ဖြစ်မလား၊ ရက်တိုဖြစ်မလား မပြောတတ်သေးဘူး။ အဓိက,ကတော့ စားသောက်ကုန်တွေ လိုတာပေါ့။ သောက်ရေကစ လိုအပ်မှုရှိနေပါတယ်။ သန့်ရှင်းရေးအတွက် ထုံးအိတ်တွေလိုမယ်။ မီးမရတော့ ဒီဇယ်တွေလိုမယ်။ စခန်းရဲ့အနေအထားအရ စားသောက်ရေး ပန်းကန်တွေလည်း လိုအပ်ပါတယ်။ ခုလို စေတနာရှင်တွေ နေ့စဉ်လာလှူတာကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အလေအလွင့် မဖြစ်ရအောင်လည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်နေကြပါတယ်” ဟု ဆိုသည်။
တပ်မတော်၊ BGF တပ်ဖွဲ့တို့မှ အဆိုပါ မဲသဝေါ - မြိုင်ကြီးငူ ကားလမ်းတစ်လျှောက်အား ထိန်းချုပ်ထားပြီဆိုသော်လည်း ဒေသခံပြည်သူများမှာ နေရပ်ပြန်ရန် စိုးကြောက်နေကြဆဲဖြစ်သည်။
မြိုင်ကြီးငူအထူးဒေသသို့ ကယ်ဆယ်ရေး သွားလုပ်သည့် မြ၀တီစေတနာအသင်းမှ ကိုဝတုတ်က “လုံခြုံရေးက ဘယ်လိုနေမယ် မသိသေးဘူး။ တောရွာတွေမှာကျန်ရှိနေတဲ့ ရွာသားတွေကို မနေ့ကအထိ ရသမျှ ဆွဲထုတ်ခဲ့သေးတယ်။ စခန်းထဲကို ရောက်လာတဲ့ လူဦးရေကတော့ လျော့မသွားပါဘူး။ တိုးလာနေပါတယ်။ ထိကလော့ထကျေးရွာ အထက်မှာ ရွာသား ၆၀ ခန့် ပိတ်မိနေပါသေးတယ်” ဟု ဆိုသည်။

Credit > Eleven Media

Comments
Post a Comment