မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့ လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ် ကြီးမားစွာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ထုတ်ပြန်
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့ လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ် ကြီးမားစွာ ကျရောက်နိုင်ကြောင်း စက်ဘင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတွင် ကျင်းပသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲ၊ ချောင်ငလျင်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ကြောဖြစ်သော စစ်ကိုင်းပြတ်ရွေ့သည် ဘေးတိုက်ပြတ်ရွေ့ ဖြစ်သဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်လှုပ်ခတ်ခဲ့သည်ရှိသော် အထက်အောက် လှုပ်ရှားမှုထက် ဘေးတိုက်လှုပ်ရှားမှုများကို ပို၍ခံစားရမည့်အပြင် ပို၍ထိခိုက် ပျက်စီးမှုများမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများဖြစ်သော မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးတို့တွင် ယခုကဲ့သို့ အင်အား ပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ခဲ့ပါက ဘေးအန္တရယ် ကြီးမားစွာ ကျရောက်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည့်အပြင် လူဦးရေ အထူထပ်ဆုံး ဖြစ်သော ရန်ကုန်မြို့သည်လည်း စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက် ၃၅ ကီလိုမီတာ အကွာတွင် တည်ရှိသဖြင့် စစ်ကိုင်းပြတ်ရွေ့တွင် ငလျင်လှုပ်ခတ်ခဲ့ပါက အလားတူ ဘေးအန္တရာယ် ကြီးမားစွာ ကျရောက်ဖြစ်ကြောင်း၊ အထက်ဖော်ပြပါ မြို့ကြီးများတွင် နေထိုင်လျက်ရှိသော ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်အတွက် လည်းကောင်း၊ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် လည်းကောင်း၊ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ကြိုတင်စီမံချက်နှင့် ကြိုတင်ပြင်ဆင်ခြင်း အစီအစဉ်များကို ပြုလုပ်ထားသင့်ပါကြောင်း အကြံပြု တင်ပြအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ငလျင်က ဘယ်အချိန် လှုပ်မယ် ဘယ်နေ့လှုပ်မယ်ဆိုတာ ပြောလို့ မရဘူး။ ပြတ်ရွေ့တွေက အများကြီးရှိတယ်။ တစ်ချိန်မဟုတ် တစ်ချိန် လှုပ်နိုင်တယ်။ ပြီးတော့ ဆူနာမီ ဖြစ်နိုင်သေးတဲ့ ငလျင်တွေလည်း ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့က အမြဲ Active ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ဆိုသည်။
ထို့ပြင် ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သည့် ချောက်ငလျင်ကြောင့် ပုဂံညောင်ဦးဒေသရှိ စေတီပုထိုးများ အပျက်အစီး ရှိခဲ့ကြောင်း၊ ထိုနည်းတူ အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများတွင် တည်ထားကိုးကွယ်လျက်ရှိသော ဘုရားပုထိုးစေတီနှင့် အဆောက်အအုံများသည်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထိုပျက်စီးမှုများကို စစ်တမ်းကောက်ယူရန် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ လူငယ်အင်ဂျင်နီယာများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ UN-HABITAT တို့၏ ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုချောက်ငလျင်သည် မြေအောက်အနက် ၈၄ ဒသမ ၁ ကီလိုမီတာရှိ ထိုးစိုက်ဇုန် (Subduction Zone) တွင် လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်ကြောင်း၊ ထိုးစိုက်ဇုန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်သောကြောင့် အထက်အောက် လှုပ်ရှားမှုကို ပိုမိုခံစားရသည်ကို တွေ့ရကြောင်း၊ ပုဂံဘုရားများ၏ တည်ဆောက်ပုံ စနစ်သည် ထိုအထက်အောက် လှုပ်ရှားမှုနှင့် လိုက်လျောညီထွေ ရှိသောကြောင့် ထိခိုက်ပျက်စီးမှု နည်းပါးရသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အဖွဲ့ဝင် ဒေါက်တာစိုးမင်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဒေါက်တာမျိုးသန့် ဦးစောထွေးနှင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဦးသန်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Credit > Eleven Media
Comments
Post a Comment