ထိုင်းဘုရင် ဘူမိဘော အဒူလိုင်ဒက်ဂ်ျသည် အောက်တိုဘာ ၁၃ ရက်တွင်
ကံတော်ကုန်သွားပြီဖြစ်ကြောင်း ထိုင်းတော်ဝင် မိသားစုက ကြေညာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန် ကတည်းက သက်တော် ၈၈ နှစ်ရှိ ဘုရင်ကြီး၏ ကျန်းမာရေး
အခြေအနေ မတည်ငြိမ်ကြောင်း နန်းတော် အသိုက်အဝန်းက အတည်ပြုခဲ့ပြီးနောက်
ထိုင်းနန်းတွင်းရေးကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည်။

ဘူမိဘောသည် အသက် ၁၈ နှစ်တွင် စတင်၍ ထီးနန်းစိုးစံခဲ့ရာ ထိုင်းနိုင်ငံ ဘုရင်အဖြစ်
နှစ်ပေါင်း ၇၀ မျှ အုပ်စိုးခဲ့သည်။ ၎င်းသည် သမိုင်းတွင် နန်းစံသက် အရှည်ဆုံး မင်းတစ်ပါး ဖြစ်ခဲ့သလို
ထိုင်းပြည်သူလူထု၏ လေးစားချစ်ခင်မှုကိုလည်း ခံယူရရှိခဲ့သည်။
ဘုရင်ကြီး ကျန်းမာရေး ယုတ်လျော့ကျဆင်းလာကြောင်း သတင်းများကြောင့် ဘန်ကောက်မြို့တော်ရှိ
သီရိရာဇာ ဆေးရုံရှေ့တွင် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းကတည်းက ပြည်သူများ စုရုံးကာ
ဆုမွန်ကောင်း တောင်းပေးခဲ့သော်လည်း ညနေပိုင်းတွင် ကြေကွဲစရာ သတင်းကို
ကြားသိလာရခြင်း ဖြစ်သည်။ သတင်းဆိုးကို ကြားသိချိန်တွင် ဆေးရုံရှေ့၌ လာရောက်ဆုတောင်းနေသည့် ပြည်သူများ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့ကြသည်။
ဘူမိဘော ကံတော်ကုန်ချိန်တွင် ထိုင်း၏ ထီးမွေနန်းလျာ ဆက်ခံရေးတွင် ပြဿနာများစွာ ရှိနိုင်ကြောင်း
နိုင်ငံရေး အကဲခတ်များက သုံးသပ်ထားသည်။ အိမ်ရှေ့မင်းသား ဇီဝရာလွန်ကောင်မှာ
ဆိုးပွေရမ်းကားသူ တစ်ဦးအဖြစ် လူသိများပြီး ထိုင်းပြည်သူများက မနှစ်မြို့ကြဘဲ သမီးတော် သီရိဒုံကို
ထီးနန်း ဆက်ခံစေလိုကြသည်။ ပြုပြင်ပြောင်းလဲထားသည့် ဥပဒေအရ ထိုင်းနန်းတော် အနေဖြင့်
အိမ်ရှေ့မင်းသားကို ထီးနန်းမလွှဲဘဲ သီရိဒုံကို ဘုရင်မအဖြစ် တင်မြှောက်ပိုင်ခွင့် ရှိနေသော်လည်း
သီရိဒုံမှာ အပျိုကြီး ဖြစ်သောကြောင့် နန်းဆက်ပြတ်မည့် အခြေအနေအတွက်လည်း
စိုးရိမ်စရာ ဖြစ်နေကြောင်း သိရသည်။
Ref: BBC
Comments
Post a Comment