ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မွေးကင်းစကလေးငယ်တဦးဟာ အသက် ၈၀ အရွယ် အဖိုးအိုတဦးကဲ့သို့ မျက်နှာနဲ့ မွေးဖွားလာခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီကလေးငယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မာဂူရာခရိုင် ဆေးရုံတရုံမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က မွေးဖွားခဲ့တာပါ။
ခုလိုဖြစ်ရတဲ့ အကြောင်းရင်းဟာ ပရိုဂျီးရီးယား (Progeria) လို့ခေါ်တဲ့ အရွယ်မတိုင်မီမှာ အသက်အရွယ်ကြီးရင့်သူတယောက်လို လက္ခဏာပြပြီး ရောဂါခံစားရတဲ့ မျိုးဗီဇဆိုင်ရာ ရောဂါတမျိုးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရောဂါလက္ခဏာကြောင့် မျက်နှာဟာ အရေခွံတွေ ရှုံ့တွပြီး လျော့ရဲနေခဲ့ကာ သက်ကြီးရွယ်အိုတဦးလို ဖြစ်နေခဲ့တာပါ။
ကလေးငယ်ကို ကုသပေးနေတဲ့ ဆရာဝန်တဦးက “ဒီကလေးဟာ မွေးကင်းစကလေးတယောက်နဲ့ လုံးဝမတူပါဘူး။ သိသာထင်ရှားတဲ့ အိုမင်းရင့်ရော်မှုတွေနဲ့ ကြမ်းတမ်းတဲ့ အသားအရေတွေကို တွေ့နေရပါတယ်” လို့ ပြောပါတယ်။
ကလေးငယ်ရဲ့ မိဘတွေကတော့ ခုလို ထူးထူးခြားခြား မွေးဖွားလာခဲ့တဲ့ သူတို့ရဲ့ ရင်သွေးလေးအတွက် ပျော်ရွှင်နေကြတာပါ။
သူ့ရဲ့ဖခင်ဖြစ်သူ ဘစ်ဆ၀ါဂျစ်ပါထရိုဟာ လယ်သမားတဦးဖြစ်ပြီး ခုလိုမွေးဖွားလာမှုအပေါ် “ကျနော်တို့ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါပဲ။ ကျနော့်သားလေး ခုလိုဖြစ်နေတဲ့အပေါ် စိတ်မချမ်းမသာဖြစ်နေဖို့မှ မလိုပဲဗျာ။ ကျနော်တို့ လက်ခံရမှာပါပဲ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ သူတို့ရဲ့အိမ်ကို ခုလို ထူးထူးဆန်းဆန်း မွေးဖွားလာတဲ့ ကလေးကို လာရောက်ကြည့်ရှုကြသူတွေနဲ့ စည်ကားနေခဲ့တာပါ။
“ဧည့်သည်တွေ အများကြီးလာကြတယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေ အိမ်နီးနားချင်းတွေနဲ့ အနီးအနားရွာတွေကတောင် ကျနော်တို့သားလေးကို လာကြည့်ကြတယ်။ သူတို့ကို ဧည့်ခံရတာ ၀မ်းသာမိပါတယ်။”
လက်ရှိမှာတော့ ကလေးငယ်ဟာ ကျန်းကျန်းမာမာနဲ့ ရှိနေခဲ့ပြီး မိသားစုကတော့ သူ့ကို ကျန်းကျန်းမာမာနဲ့ပဲ ဖြတ်သန်းသွားစေချင်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Caters
DVB
www.burmese.dvb.no

Comments
Post a Comment