မြန်မာ့စပါးအုံးမြွေနှင့် တွေ့ဆုံခြင်း (သို့မဟုတ်) အောင်လ အန်ဆန်းနှင့် အင်တာဗျူး


မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် MMA ပြိုင်ပွဲအတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့
အားကစားသမား အောင်လအန်ဆန်းကို ဒီနေ့နေ့လည်ပိုင်းက တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
နိုင်ငံတကာအဆင့် အားကစားသမားဖြစ်တဲ့ သန်မာကြံ့ခိုင်မှု ၊ သွက်လက်မြန်ဆန်မှုတွေကြောင့်
 မြန်မာ့ စပါးအုံးမြွေ ( Burmese Python) လို့တောင် နာမည်ပေးခံထားရသူဖြစ်ပါတယ်။

အခု ဖော်ပြမယ့် အင်တာဗျူးကတော့ ဒီနေ့နေ့လည်က Transcend Fitness မှာ ပြုလုပ်တဲ့ Open Workout စာနယ်ဇင်း မိတ်ဆက်ပွဲမှာ လုပ်ခဲ့တာပါ။ တစ်ဦးချင်း သီးသန့်တွေ့ဆုံမေးမြန်းတာ မဟုတ်ဘဲ
ရိုးရာလေး အပါအဝင် မီဒီယာ အသီးသီးက ဝိုင်းဝန်းမေးမြန်းကြတဲ့ မေးခွန်းတွေနဲ့ အောင်လရဲ့
အဖြေတွေကို ပြန်လည် ဖော်ပြသွားမှာပါ။


မေး ။ ။ အစ်ကို ဒီပွဲအတွက် ဘယ်လိုများ ပြင်ဆင်ထားသလဲ ၊ ပြီးတော့ အဆင်သင့် ဖြစ်ပြီလား သိပါရစေ
အောင်လ ။ ကျွန်တော် ဒီပွဲအတွက် သေချာလေ့ကျင့်ထားပါတယ်။ နပမ်းနဲ့ ဂျူဂျစ်ဆုကိုလည်း ပြန်လေ့ကျင့်ထားပါတယ်။ အဆင်သင့်ဖြစ်ပြီလို့ ပြောလို့ရပါပြီ

မေး ။ ။ အားကစားနဲ့ ပတ်သက်ပြီး အစ်ကို့ ရည်မှန်းချက် (goal) က ဘာများဖြစ်မလဲ မသိဘူး
အောင်လ ။ ။ ကျွန်တော့်ရဲ့ goal က ဘာလဲဆိုတော့ မြန်မာပြည်က လာတဲ့ ကမ္ဘာ့ချန်ပီယံတစ်ယောက် ဖြစ်ချင်ပါတယ်။ အဲဒီ ကမ္ဘာ့ ချန်ပီယံဖြစ်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။

မေး။ ။ မနက်ဖြန် အားပေးနေကြမယ့် ပရိသတ်ကြီးအတွက်ရော တစ်ခုခု ပြောပါဦး
အောင်လ ။ ။ အားလုံးကို အရမ်းချစ်တယ်လို့ ပြောချင်ပါတယ်။ အားပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်း ယူပါတယ်

မေး ။ ။ ပြိုင်ဘက်က ဂျူဂျစ်ဆု ကို ပိုပြီး အားသန်တယ်လို့ သိရပါတယ်၊ အဲဒီအပေါ်မှာရော ဘယ်လို ပြင်ဆင်ထားပါသလဲ
အောင်လ ။ ။ အဓိက ကတော့ လက်နဲ့ ချဖို့ ကျင့်ထားပါတယ်။ ကျွန်တော် ဂျူဂျစ်ဆုလည်း ကျင့်ထားပါတယ်။ သူ့ရဲ့ အားသာချက်က ဂျူဂျစ်ဆု ဆိုပေမယ့် ကျွန်တော့်ရဲ့ စိတ်မှာ ကျွန်တော့်ရဲ့ ဂျူဂျစ်ဆုက ပို အားသာတယ်လို့ ထင်ပါတယ်။

မေး ။ ။ သေချာစေနိုင်လောက်တဲ့ နိုင်ပွဲအတွက် ပြိုင်ဘက်ရဲ့ အားနည်းချက်ကိုရော တွေ့ထားပြီလား
အောင်လ ။ ။ တွေ့ထားပါတယ်။ ဒါပေမဲ့ အခု ပြောလို့ မရဘူးလေနော့။ မနက်ဖြန် တွေ့လိမ့်မယ်နော်။ လာကြည့်ရင်တော့ အဖြေပေါ်မှာပါ။

မေး ။ ။ မနေ့က အလှူမှာ ရေစက်ချတာနဲ့ ပတ်သက်ပြီး တချို့ ပရိသတ်တွေက ဝေဖန်နေကြတာ ရှိတယ် ။ အဲဒီအတွက်ကိုရော အစ်ကို ဘာပြောချင်သလဲ မသိဘူး။
အောင်လ ။ ။ အဲဒီဟာတော့ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်က ခရစ်ယာန်ပဲ နော့ ။ ဒါပေမယ့် ကျွန်တော် ပေါ့ပေါ့ထားမိသလို ဖြစ်လို့ ကျွန်တော့်အမှားပေါ့ နော့။ ကျွန်တော် အားလုံးကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်မှားတယ်ဆိုရင်လည်း ကျွန်တော့်ကို ကျေးဇူးပြု၍ ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။ ကျွန်တော်က ကောင်းကောင်း နားမလည်လို့ပါ။

မေး။ ။ ပရိသတ်ကို နက်ဖြန် ဘယ်လိုမျိုးတွေ တင်ဆက်ပေးသွားမလဲ
အောင်လ ။ ။ အကောင်းဆုံး ကြည့်လို့ ကောင်းအောင် ကစားပေးသွားမယ်။ ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာ၊ ကျွန်တော့်ရဲ့ ဦးနှောက် ၊ ရှိသမျှ စွမ်းအင်အားလုံးနဲ့ ကစားသွားမှာပါ။ အဲဒီပွဲက အရမ်း interesting ဖြစ်မှာပါ။

မေး။ ။ ဒီ ပွဲက အစ်ကို မြန်မာနိုင်ငံမှာ လာပြိုင်တဲ့ ပွဲလည်း ဖြစ်တယ်ဆိုတော့ မြန်မာပရိသတ်က အစ်ကို့ကို အရမ်းအားပေးနေတယ်။ အရမ်းလည်း မျှော်လင့်ထားတယ်။ အဲဒါ သိရတော့ အစ်ကို့အနေနဲ့ ဘယ်လို ခံစားရပါသလဲ။
အောင်လ ။ ။ ကျွန်တော် အရမ်း ဂုဏ်ယူတယ်နော့ ။ အရမ်းကြိုးစားပြီးတော့ကို ပြင်ဆင်ထားတယ်။ မနက်ဖြန် တွေ့ရမှာပါ။

မေး ။။ ပရိသတ်ကို ဘာပြောချင်သေးလဲ ခင်ဗျာ
အောင်လ ။ ။ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ဘယ်တော့မှတောင် မထင်မှတ်မိဘူးနော့ ၊ ဒီလောက် အားပေးမယ်ဆိုတာ ။ အဲဒီအတွက် ကျွန်တော် အခု အရမ်းကြိုးစားမယ်။ အားလုံးကို အရမ်းချစ်တယ်။ အားလုံး ဂုဏ်ယူနိုင်မယ့် ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကြိုးစားမယ်။ ကျေးဇူးတင်ပါတယ်။

အောင်လအန်ဆန်းဟာ မနက်ဖြန်ညနေ ခုနစ်နာရီ သုဝဏ္ဏအားကစားရုံမှာ ကျင်းပမယ့်
ONE Championship ပြိုင်ပွဲမှာ ပိုလန်နိုင်ငံက အားကစားသမား (မိုက်ခယ် ပတ်စ်တားနက်)
Michal Pasternak နဲ့ ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်။
Ref : စည်သူ (ရိုးရာလေး)

Comments