Eminem သီချင်းဖြင့် ကမ္ဘာကျော်သွားတဲ့ ၁၃ နှစ်သား

ကမ္ဘာကျော် အဆိုတော် အမ်မီနမ် (Eminem) ရဲ့ I'm not afraid သီချင်းကို ပြန်လည်သီဆိုပြီး စပါ့ရှ် ရှား (Sparsh Shah) အမည်ရ ကလေးငယ်လေးဟာ ကမ္ဘာကျော်အောင်မြင်လာပါတယ်။ သူဟာ ကျန်းမာရေးအခြေအနေအရတော့ သာမန်အနေအထားရှိသူမဟုတ်ပါဘူး။ မွေးရာပါ အရိုးအက်ကွဲလွယ် ရောဂါ ပါရှိလာပြီး အသက် ၁၃ နှစ်ပဲရှိသေးပေမယ့် အရိုးကျိုးတာ အကြိမ် ၁၃၀ ကျော်သွားပါပြီ။ လက်ဆွဲနှုတ်ဆက်တဲ့အခါ အခန့်မသင့်ရင်တောင် အရိုးကျိုး ပါတယ်။
အိန္ဒိယနိုင်ငံဖွား ကလေးငယ်လေး ဖြစ်တဲ့ စပါ့ရှ်ဟာ အသက် ၃ နှစ်သားကနေ စလို့ အသက် ၁၀ နှစ်အထိ ဟင်ဒီ ဂန္ထဝင် ဂီတ ကို လေ့လာဆည်းပူးပြီး အသက် ၁၀ နှစ် ကနေ ယနေ့အထိကတော့ အင်္ဂလိပ်ဂီတကို လေ့လာပါတယ်။ ကိုယ်တိုင်လည်း သီချင်းများရေးပါတယ်။ နာမည်ကျော်သီချင်းတွေကို Cover အနေနဲ့ပြန်ဆိုပြီး သူပြန်ဆိုတဲ့ အမ်မီနမ် ရဲ့ I'm not afraid သီချင်းဟာ ကမ္ဘာကျော်သွားပါတယ်။ အဆိုတော် အမ်မီနမ် ကိုယ်တိုင်တောင် သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ပြန်လည် မျှဝေတဲ့အထိ အောင်မြင်ခဲ့ ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်လွှားမှ အေကွန် (Akon) အပြင် အခြားသော နာမည်ကြီး အဆိုတော်များကလည်း သူ့ရဲ့ သီဆိုမှုကို ပြန်လည်မျှဝေကြ ပါတယ်။
စပါ့ရှ် ဟာ အမ်မီနမ် ပြီးရင် I'm not afraid သီချင်းနဲ့ လူတွေကို စိတ်ဓာတ်မြင့်တင်ပေးနိုင်ဆုံးသူ အဖြစ် စံချိန်တင်ခဲ့ ပါတယ်။ စိတ်ဓာတ်မြင့်တင်ရေးနဲ့ ပက်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းများက ပေးအပ်တဲ့ ဆုများစွာ ရရှိခဲ့သလို ပရဟိတ လုပ်ငန်းများလည်း လုပ်ကိုင်ပြီး အလှူငွေ မီလီယျံဒေါ်လာပေါင်းများစွာလည်း ရှာဖွေပေးနိုင်သူ ဖြစ်ပါတယ်။ ကလေးရဲ့ I'm not afraid သီချင်းကို နားထောင်ကြည့်ပါ။ သူ့ရဲ့ အိန္ဒိယ ဘာသာစကားသီချင်းကို ကျွမ်းကျင်မှုအပြင် အင်္ဂလိပ်ဘာသာစကား သီချင်းကို လိမ္မာပါးနပ်သီဆိုတတ်မှုကို မြင်တွေ့ရပါမယ်။ အထူးသဖြင့် သူ့ရဲ့ သီဆိုဟန်ဟာ စိတ်ဓာတ်ကျနေသူများကို ပြန်လည် မြင့်တင်ပေးနိုင်တဲ့ ဟန်ပန်အပြည့် ရှိတာကြောင့် YouTube, Facebook တို့ပေါ်မှာ ကြည့်ရှုသူ အများဆုံး စံချိန်တင်တဲ့ Cover တစ်ပုဒ်လည်း ဖြစ်လာပါတယ်။
ယင်း ကလေးဟာ ကမ္ဘာတစ်ဝန်းက ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူ၊ ကျန်းမာရေး ချှို့ယွင်းသူများအတွက် စံထား အတုယူစရာ ပုဂ္ဂိုလ်ဖြစ်လာစေခဲ့ ပါတယ်။ BBC, CNN နဲ့ အခြားသော မီဒီယာပေါင်းများစွာမှ ပြန်လည်ဖော်ပြပြီး NBA ကဲ့သို့ အားကစားအဖွဲ့အစည်းများမှလည်း သူ့ကို ဖိတ်ခေါ် ဂုဏ်ပြုခဲ့ကြ ပါတယ်။
.
Sparsh ၏ Facebook - www.facebook.com/purhythm
Sparsh ၏ YouTube - https://www.youtube.com/c/sparshpurhythm
Ref: ဇီးကွက် (ရိုးရာလေး)
www.YawTaMaHmway.com

Comments